Blogger Widgets
Post အသစ်တင်သမျှကို Andriod Phone မှဖတ်လိုလျှင် အပေါ်ဆုံးက APK ကို ဒေါင်းပါ။(AMT GROUP)

(Follower)

Flag Counter

လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာ






ပရိုဂရမ်းမင်း (Programming) လို့ခေါ်တဲ့ ဘာသာရပ်ကို လွယ်တယ်လို့တော့ မပြောချင် ပါဘူး။ ဒါပေမယ့် အခက်ကြီး လို့လည်း မဆိုနိုင်ဘူး။ လွယ်ကူစွာ လေ့လာနိုင်ဖို့ဆိုတာ နည်းသိရင်ရပါတယ်။ မြန်မာတွေ ဆိုလေ့ ရှိပါတယ်။ ဆရာမပြရင် ငပိဖုတ်တာတောင် နည်းမကျဘူးဆိုတာတော့ အမှန်ပဲ။ တကယ်တော့ “နည်း” ဆိုတာ “KEY” ပါပဲ။ အဲဒီ ကီးလေးကို တစ်ချက်တည်း သိလိုက်တာနဲ့ အားလုံး အဆင်ပြေစွာ လိုက်လုပ် နိုင်ပါလိမ့်မယ်။ ပညာရေးကို ဘယ်အချိန်မှာ စသင်သင့်သလဲဆိုတဲ့ မေးခွန်းကို အစဉ်အလာ အတိုင်း ပြောရရင် အသက် ၅ နှစ်နဲ့ ၆ နှစ် လို့ဖြေကြမှာပဲ။ အသက် ၃ နှစ်လောက် ကတည်းကလည်း သင်ကြတာပဲ။ ဒါပေမယ့် ဒီအရွယ် တွေကို Logic လို့ခေါ်တဲ့ ယုတ္တိ နည်းကျကျ ဆင်ခြင်တွေးခေါ် နည်းတွေကိုတော့ သွားသင်လို့ရဦးမှာ မဟုတ်ဘူး။ သူတို့မှာ ပညာအခြေခံ လေးတွေ နည်းနည်း လိုသေးတယ်။

ဒါကြောင့် ကလေးတွေကို ပရိုဂရမ်းမင်း သင်မယ်ဆိုရင် အသက် ၁၂ နှစ်နဲ့ အသက် ၁၃ နှစ်လောက်မှ စတင် သင်ပေးဖို့ အကြံပြုချင်တယ်။ အထူးသဖြင့်တော့ အတန်း အနေနဲ့ Grade 7th or 8th လောက်ရောက်မှ သင်ပေးရင် ပိုပြီး အဆင်ပြေတယ်။ ဒါကလည်း ပုံသေပြောတာ မဟုတ်ဘူး။ အချို့ကလေးတွေဟာ IQ အရမ်းမြင့် တာကြောင့် စောပြီးသင့်လို့ ရကောင်းရနိုင်ပါတယ်။ အသက်အပိုင်းအခြားကို ဆွေးနွေးပြီးရင် ဘယ်လို ပရိုဂရမ်းမင်း language ကိုသင်လေ့လာခိုင်းသင့်သလဲ ဆိုတာ ဆွေးနွေးချင်ပါတယ်။ ဒါကလည်း သင်ယူမှုနယ်ပယ်ကို ချုံ့ပြီး အခြေခံကိုတည်ဆောက်နိုင်အောင်လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရိုဂရမ်းမင်းအခြေခံကို တည်ဆောက်ဖို့ပဲပြောတာ။ ပရိုဂရမ်းမင်းကိုရေးတဲ့ syntax တွေကို တည်ဆောက်ဖို့ပြောတာ မဟုတ်သေးဘူး။ ဘယ်ဘာသာရပ်မဆို စိတ်ဝင်စားမှုရှိတယ်၊ သင်ယူရတာပျော်တယ်ဆိုရင် တတ်မြောက်ဖို့လွယ်ကူတတ်ပါတယ်။ ဒီတော့ ဘာကို သင်ပါလို့ မပြောချင် ပါဘူး။ ဘာတွေကို သင်ယူလေ့လာနိုင်တယ်ဆိုတာကို ဦးစွာပြောလိုပါတယ်။

အစဉ်အလာ ပရိုဂရမ်းမင်းဘာသာရပ်များ

အစဉ်အလာလို့ပြောလိုက်တာ အဖေတို့ အမေတို့ခေတ်က ပရိုဂရမ်းမင်းကိုပြောတာ။ ခုခေတ်မှာ တချို့ဆိုရင် ကြားဖူးဖို့တောင် မလွယ်တော့ဘူး။ ဒီတော့ ပရိုဂရမ်းမင်းနဲ့ ပတ်သက်တာတွေ အားလုံးကို ခြုံငုံပြီး လေ့လာ သုံးသပ်ကြည့်ရအောင်။

1.Lisp and Scheme

တကယ့်သုတေသနလုပ်ငန်းကြီးတွေ၊ တက္ကသိုလ်ကြီးတွေက သုတေသနလုပ်ငန်းကြီးတွေနဲ့ ပရိုဂရမ်းမင်းကို သီအိုရီကျကျ လေ့လာဖို့အတွက် အသုံးပြုကြတဲ့ ဘာသာရပ်ဖြစ်တယ်။ သူ့အခြေခံကိုသိဖို့ပဲ ဦးနှောက် ခြောက်လောက်အောင် ကြိုးစားရလိမ့်မယ်။ ဒါပေမယ့် ပညာရေးလောက မှာကတော့ ဒီ language ကို ဂုဏ်ယူစွာနဲ့ သင်ကြားနေကြတုန်းပဲ။ ဒီ language တွေကို လေ့လာချင်ရင်တော့ (http://racket-lang.org/) မှာသွားပြီးလေ့လာနိုင်တယ်။

2. Java

အလွယ်လမ်းကို လိုက်ချင်သူတွေအတွက်ကတော့ မတိုက်တွန်းချင်ပါဘူး။ ဒါပေမယ့် ကလေးတွေကို သင်မယ်ဆိုရင်တော့ Greenfoot (http://www.greenfoot.org/) နဲ့ BlueJ (http://www.bluej.org/) တွေကိုသင်ယူတတ်မြောက်လာရင် Java အတွက် အများကြီး အထောက်အကူပြုနိုင်တယ်။

3. C/C++

အခက်ဆုံးလို့ပြောရမယ်။ ကလေးတွေကို သင်မယ်ဆိုရင်တော့ ကန့်သတ်ချက်ရှိတယ်။ စိတ်ဝင်စားသွားရင် တော့ သင်ယူချင်စိတ်ရှိနိုင်တယ်။ စဖို့ပဲခက်တယ်။

4. C# .NET

လောက်အထိ တက်လှမ်းဖို့မှန်းထားတယ်ဆိုရင် ရွေးချယ်သင့်တယ်။ သူလည်း C++ လိုပဲ resource တွေ သိပ်မများပေမယ့် မိုက်ခရိုဆော့ဖ်ကတော့ Sharp Kids (http://msdn.microsoft.com/en-us/beginner/bb308756.aspx) ဆိုပြီး အခြေခံကို လုပ်ပေးထားတာရှိတယ်။ .NET နဲ့ဆိုရင် web application တွေကိုရေးဖို့ လွယ်မယ်ထင်တယ်။ ပညာရေးအတွက်ဆိုရင် လေ့လာထား သင့်တဲ့ language လို့ပြောနိုင်တယ်။

5. Visual Basic

တကယ်လွယ်တဲ့ language တစ်ခုဖြစ်ပါတယ်။ သူမှာ ယခင် BASIC ဆိုတဲ့ ယခင် language အဟောင်းရဲ့ ရင်းမြစ်တွေ အများကြီးပါနေတယ်။ .NET နဲ့ C# အပြန်အလှန် အထောက်အကူပြုသလိုပါပဲ။ မိုက်ခရိုဆော့ဖ်ကတော့ Visual Basic ရဲ့အခြေခံဖြစ်တဲ့ ကလေးတွေအတွက် Very Bright Kids (http://msdn.microsoft.com/en-us/beginner/bb308758.aspx) ဆိုတာကို ထုတ်ပေးထားတယ်။

6. Smalltalk

Squeak ရဲ့ မူကွဲလို့တောင်ပြောနိုင်တယ်။ ပရိုဂရမ်မင်းလေ့လာချင်တယ်လို့ပြောရင် သူငယ်ချင်းတွေကို ညွှန်းသင့်တယ်။ လက်ရှိ အကောင်းဆုံး tutorial အနေနဲ့ http://rmod.lille.inria.fr/botsinc လိုင်းမှာ ရနိုင်တယ်။ အဲဒီထဲက သင်ခန်းစာတွေဟာ Squeak: Learn Programming With Robots စာအုပ်ကို အခြေခံ ထားတယ်။

7. BASIC

တကယ့် ပရိုဂရမ်းမင်းဘိုးအေ language ပါ။ ဘီလ်ဂိတ်စ်တို့ လက်ဆော့ပြီး စတင်ခဲ့တဲ့ ပရိုဂရမ်းမင်း ဘာသာရပ်ပေါ့။ အဲဒီ language ကို အဖိုးတို့ခေတ် language လို့ပြောနိုင်တယ်။ ခုထက်ထိ မိုက်ခရိုဆော့ဖ် က Small Basic for beginning developers (http://msdn.microsoft.com/en-us/beginner/ff384126.aspx) ဆိုပြီး တင်ထားပေးသေးတယ်။

8. Ruby

ကလေးတွေကို ပရိုဂရမ်းမင်းသင်ဖို့ အကောင်းဆုံး resource တွေ Ruby မှာရှိနေတယ်။ အခြား language တွေထက်လည်း လွယ်တယ်လို့ပြောကြတယ်။ Ruby for kids (http://ruby4kids.com/ruby4kids) နဲ့ RailsBridge (http://teachingkids.railsbridge.org/) တွေမှာ လေ့လာသင့်တယ်။

9. Python

လူငယ် developer တွေဖြစ်စေချင်ရင် Python ကို အကြံပြုချင်တယ်။ တကယ့်ကို ရေပန်းအစားဆုံးနဲ့ လူကြိုက်အများဆုံး language ဖြစ်လာတယ်။ လေ့လာချင်သူတွေအတွက် LiveWires (http://www.livewires.org.uk/python/home) ကိုညွှန်ချင်တယ်။

10. PHP

PHP ကိုတော့ စတင်လေ့လာတဲ့ကလေးတွေအတွက် မညွန်းချင်သေးဘူး။ Website တွေကို ဖန်တီးချင်စိတ် ရှိလာရင်တော့ စတင်လေ့လာဖို့အကောင်းဆုံးပဲ။ ခက်ပေမယ့် စတင်လေ့လာကတည်းက စိတ်ဝင်စားရင် သူ့မှာလည်း ရလဒ်ကောင်းတွေရှိတယ်။ ကလေးတွေအတွက် PHP For Kids tutorial (http://www.phpforkids.com/) မှာဝင်ပြီးလေ့လာကြည့်ဖို့ တိုက်တွန်းချင်တယ်။

11. HTML and JavaScript

ကလေးတွေအတွက် အခြေခံကျကျနဲ့ ပရိုဂရမ်းမင်းကို လေ့ကျင့်ပေးချင်တယ်ဆိုရင်တော့ လေ့လာခိုင်းဖို့ အသင့်ဆုံး language ပါ။ Website တွေကို ဖန်တီးဖို့ အခြေခံကျကျတဲ့ language တွေပါပဲ။ Waterbear (http://waterbearlang.com/) မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ပြကွက်တွေနဲ့ လေ့လာနိုင်သလို ပိုပြီးတော့ ကျယ်ပြန့်စွာ သိချင်ရင် HTMLIsEasy.com (http://www.htmliseasy.com/javascript/index.html) မှာ ၀င်ပြီးလေ့လာနိုင်တယ်။

အခြားလေ့လာသင့်တဲ့ language တွေကတော့ ML, Prolog, Haskell နဲ့ REBOL ဆိုတာတွေရှိသေးတယ်။ သိပ်ပြီးထွေပြား ကုန်မှာ စိုးရိမ်လို့ မပြောတော့ဘူး။ ပြီးတော့ အခြား language တွေလောက်လည်း နာမည်တော့ မကြီးဘူး။ ခက်လည်း ခက်တာကြောင့် လည်းပါတယ်။ Language တစ်ခုဆိုတာ တတ်ထားပြီးရင် ပြန်ပြီး အသုံးချနိုင်တဲ့နယ်ပယ် ကျယ်ဝန်းမှ အဆင်ပြေနိုင်ပါတယ်။

အခြားဆက်စပ် လေ့လာသင့်တဲ့ဝန်းကျင်

အထက်မှာဖော်ပြခဲ့ တာတွေအပြင် website တွေမှာလည်း လေ့လာစရာတွေ အများကြီး ရှိတယ်။ အချို့သော လေ့လာစရာတွေက application တွေနဲ့ပဲ တွဲပါလာတတ်တာတွေ လည်းရှိသေးတယ်။

1. MSDN Development for Beginners, Kid Corner

http://msdn.microsoft.com/en-us/beginner/bb308754.aspx

မိုက်ခရိုဆော့ဖ်က ကလေးတွေကိုသင်ဖို့ဆိုပြီးတော့ စိတ်ဝင်စားစရာကောင်းအောင် တင်ထားပေးတယ်။ သူ့မှာပေးထားတဲ့ tutorial တွေကို သေသေချာချာလေ့လာသင့်ပါတယ်။

2. Teach Kids To Program

http://www.teachkidstoprogram.com/

ဒီ site ကတော့ ဂိမ်းဆော့ရင်းနဲ့ ကလေးတွေ ပရိုဂရမ်းမင်းကို စိတ်ဝင်စားသွားအောင် စွမ်းဆောင်ပေးသွား လိမ့်မယ်။

3. Alice

http://www.alice.org/

ကလေးတွေအတွက် လေ့လာဖို့အသင့်ဆုံး ပရိုဂရမ်းမင်းဝန်းကျင်တစ်ခုဖြစ်ပါတယ်။ အဲဒီမှာ Storytelling version (http://www.alice.org/kelleher/storytelling/index.html) ဆိုတာရှိတယ်။ အလယ်တန်း အဆင့်လောက်ပညာရေးနဲ့ ဆက်စပ်ပေးဖို့သင့်တယ်။ ဒီ version ဟာ အထက်တန်းနဲ့ ကောလိပ်အဆင့် တွေအတွက် အများကြီး အထောက်အကူပြုနိုင်ပါတယ်။

4. Logo

Logo ကတော့ ဟောင်းနေပြီဖြစ်တဲ့ language တစ်ခုပါ။ ဒါပေမယ့် သူလည်း ဟိုစပ်စပ် သည်စပ်စပ်တော့ ပါဝင်ပတ်သက်နေသေးတယ်။ Google မှာရှာရင် tutorial တွေအများကြီးရနိုင်သေးတယ်။ Windows version (http://www.elica.net/site/index.html) နဲ့ Mac version (http://www.terrapinlogo.com/) ဆိုပြီး နှစ်မျိုးလေ့လာနိုင်တယ်။ LCSI Microworlds (http://www.microworlds.com/) မှာ စီးပွားဖြစ်အောင်လေ့လာနိုင်တဲ့ အပိုင်းတွေအများကြီးရှိတယ်။ အဆင့်မြင့်လေ့လာချင်သူတွေ လက်မလွှတ်သင့်တဲ့ site တွေပေါ့။

5. Phrogram

http://phrogram.com/

ယခင်ကတော့ KPL (http://kidsprogramminglanguage.com/) လို့လူသိများတယ်။ သူလည်း လေ့လာသင့်တဲ့ အ၀န်းအ၀ိုင်းထဲမှာ ပါတယ်။ ကလေးတွေကို .NET အဆင့်အထိရောက်အောင်ဆွဲခေါ်သွားနိုင်တဲ့ language တစ်ခုလို့ဆိုနိုင်တယ်။

6. Scratch

http://scratch.mit.edu/

MIT Media Lab မှာရှိတဲ့ Lifelong Kindergarten Group ကနေပြီးတော့ တီထွင်ထားတဲ့ language ဖြစ်ပါ တယ်။ သူ့မှာ ဇာတ်လမ်းဆင်ထားတာတွေ၊ animation တွေ၊ ဂိမ်းတွေအစုံထည့်ပေးထားတယ်။ သိစရာ လေ့လာမှတ်သားစရာ information တွေနဲ့ tutorial တွေအများကြီးလေ့လာနိုင်တယ်။

7. Colobot (Colonize With Bots)

http://www.ceebot.com/colobot/index-e.php

စိတ်ဝင်စားစရာ ဂိတ်းတစ်ခုပါပဲ။ Wikipedia page (http://en.wikipedia.org/wiki/Colobot) မှာတော့ ပညာရေးဆိုင်ရာ ပညာပေးဂိမ်းလို့ဖော်ပြထားတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသူက သူ့စက်ရုပ်တွေကို ပရိုဂရမ်းမင်း langauge သုံးမှ ခိုင်းလို့ရပါတယ်။ အဲဒီဂိမ်းမှာသုံးတဲ့ ပရိုဂရမ်းမင်းတွေက C++ သို့မဟုတ် Java language တွေနဲ့တူတယ်။

8. Terrarium

http://terrarium2.codeplex.com/

သူလည်း ဂရပ်ဖစ်ဒီဇိုင်းတွေ ဂိမ်းတွေနဲ့ဆင်ယင်ထားပြီး .NET အတွက် အများကြီးအထောက်အကူပြုနိုင် တယ်။ သူကတော့ ကလေးတွေအတွက်ရည်စူးလုပ်ထားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် .NET လိုင်းကို သွားချင်ရင်တော့ လေ့လာသင့်တဲ့ site လေးတစ်ခုဖြစ်တယ်။

9. Lego Mindstorms

http://mindstorms.lego.com/

စက်ရုပ်တွေကို ထိန်းချုပ်ရာမှာ ပရိုဂရမ်းမင်း language နဲ့ထိန်းချုပ်မှရတယ်။ ဒီလိုထိန်းချုပ်နိုင်တဲ့ source တွေ၊ information တွေအများကြီးကို ဒီမှာလေ့လာနိုင်တယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။

10. Stagecast Creator

http://www.stagecast.com/

လူငယ်တွေ မကြာမကြာဝင်ပြီးလေ့လာသင့်တဲ့ site လို့ ညွှန်းချင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေအတွက် ပိုပြီး ညွှန်းချင်တယ်။ ကိုယ်တိုင် ဂိမ်းတွေကို ကြိုက်တဲ့ ၀န်းကျင်တစ်ခုနဲ့တည်ဆောက်ပြီး ဖန်တီးနိုင်လို့ ပျော်စရာကောင်းတဲ့ site လေးတစ်ခုလို့ဆိုနိုင်တယ်။

11. ToonTalk

http://www.toontalk.com/

“ပရိုဂရမ်းမင်းဆိုတာ ကလေးကစားစရာ” ဆိုပြီး စီစဉ်ထားတဲ့ site ဖြစ်တယ်။ အထူးပြုလုပ်ချက် animation တွေနဲ့ ကလေးတွေကို မေးခွန်းလေးတွေ ဖြေခိုင်းသွားတယ်။ ဘာသာမျိုးစုံနဲ့ လေ့လာနိုင်အောင်လည်း စီစဉ်ပေးထားသေးတယ်။

12. GameMaker

http://www.yoyogames.com/gamemaker/windows

ကလေးတွေအတွက် ဦးတည်ထားတဲ့ site တော့မဟုတ်ပါဘူး။ ဂိမ်းကိုတည်ဆောက်တဲ့ application ဖြစ်ပါ တယ်။ ပရိုဂရမ်းမင်းဆိုပြီး code တွေရေးဖို့လည်း မလိုပါဘူး။ Code ကိုအခြေမခံတဲ့ ပရိုဂရမ်မင်း language လို့ဆိုနိုင်တယ်။ ကလေးတွေဂိမ်းကို စိတ်ဝင်စားရင် အဆင့်မြှင့်လေ့လာခိုင်းသင့်တဲ့ site အဖြစ်တော့ ညွှန်းချင်ပါတယ်။

13. Inform

http://inform7.com/

Code တွေကိုလေ့လာချင်တယ်ဆိုရင်တော့ အလွယ်ကူဆုံး လေ့လာသင်ယူနိုင်ပါလိမ့်မယ်။ Code တွေကို သာမန် language ကနေ အဆင့်ဆင့် ဇာတ်လမ်းလေးရေးသွားသလို လေ့လာနိုင်တဲ့ site ဖြစ်ပါတယ်။

14. Learn to Program

ဒါကတော့ စာအုပ်ပါ။ ရေးသူက Chris Pine ဖြစ်ပြီး အကြိမ်ကြိမ်ဖတ်ပြီးလေ့လာချင်သူတွေအတွက် အခွင့်အလမ်း ကောင်းဖြစ်နိုင် ပါတယ်။ အမှန်တကယ်လေ့လာမယ်ဆိုရင် site တွေအများကြီးရှိနိုင်ပါသေးတယ်။ လေ့လာစရာတွေကတော့ လိုက်လေပေးလေ လို့ဆိုရမလားတောင် မသိဘူး။ ကလေးလိုစပြီး လေ့လာချင်တဲ့ လူကြီးတွေအတွက်ပါ ပရိုဂရမ်းမင်းဆိုတာ မခက်ပါဘူးလို့ အားလုံးက ညွှန်းဆိုကြပါလိမ့်မယ်။ စိတ်ဝင်စားရင် ကလေးလည်း လေ့လာ၊ လူကြီးလည်းလိုက်စား အကျိုးများနိုင်ပါတယ်။


ရဲထက်လင်း
http://www.yoyarlay.com/

Face Book မှာ Sign in အရင်ဝင်ပါ။(Comment ပေးခြင်းဖြင့် ကူညီပါ။)